Saturday, January 29, 2011

ကိလေသာ ခါထုတ်ဖို့ ဓုတင်ဆောင်ကြစို့...


26 Jan 11, 08:17

www.bbfse.org: အရှင်ဘုရားရဲ့ပို့စ်တွေကိုလည်း ထပ်မံဖြန့်ဝေ ပေးနေပါတယ်ဘုရား။ တပည့်တော်မေးချင်ပါတယ်ဘုရား။ ဓူတင်၁၃မျိုးကို အကျယ်လေး ပို့စ်တခုအနေဖြင့် ရှင်းပြပေးပါဘုရား။

ဆင်းရဲနေတာ ကိလေသာရှိလို့…
ဒါကြောင့် သူ့ကို ခါထုတ်ရမယ်…

အများကတော့ ဓူတင်ဆိုရင် သိနေကြပါပြီ…
ဓုတင်ဆိုတာ ဓုတင်္ဂဆိုတဲ့ ပါဠိက ဆင်းသက်လာတာဖြစ်တဲ့အတွက် ဓုတင်…

ဓုတင်္ဂ= ဓုတင်= ကိလေသာကို ခါတွက်ခြင်းအကြောင်း…

ခါတွက်တယ်ဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကတော့ စင်ကြယ်အောင် ပြုလုပ်ခြင်း သဘောမျိုး… လက်မှာရှိနေသော အညစ်အကြေးများကို ခါချ ခါတွက် ခါထုတ်သည့်အခါ အညစ်အကြေးများ စင်ကြယ်သင့်သလောက် စင်ကြယ်သွားပါတယ်… ဘုန်းကြီးတို့ငယ်ငယ်က မိဖများက ဆုံးမပါတယ်… ငါ့သား ထမင်းစားပြီးရင် လက်ကို မခါရဘူးနော် ထမင်းတွေ ဘေးစင်ကုန်လိမ့်မယ်တဲ့… ဒါက ထမင်းစားခန်း ညစ်ပတ်သွားမှာစိုးလို့ မခါရတာ… ခု မိမိတို့မှာ ရှိနေသော ကိလေသာတွေကိုကြတော့ ခဏခဏ ခါထုတ်ရမယ်… သမထနဲ့ တည်ငြိမ်အောင်လုပ်… ၀ိပဿနာနဲ့ ကုန်ခမ်းအောင်လုပ်… သူတို့ကို အထောက်အပံ့ဖြစ်စေဖို့ ကိလေသာကို ခါတွက်တတ်သော ဓုတင်အကျင့်မြတ်ကို ချစ်သားရဟန်းတို့ စွမ်းနိုင်သလောက်ကျင့်ကြ ဆိုပြီး မြတ်ဗုဒ္ဓက ဓုတင် ၁၃-မျိုး ဟောပြောသင်ပြတော် မူခဲ့ပါတယ်… ဓုတင် ၁၃-ပါးကို မိမိတို့ စွမ်းနိုင်သလောက် ကျင့်ကြမယ်ဆိုရင် မိမိတို့မှာ ရှိနေတဲ့ ကိလေသာတွေ ပါးသင့်သလောက်ပါးပြီး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းသင့်သလောက် ချုပ်ငြိမ်းနိုင်ပါတယ်…

 ဓုတင် ၁၃-ပါး ...

၁။ ပံသုကူ ဓုတင်= ပံသုကူ (ပံ့သကူ)သင်္ကန်းကို ဝတ်ရုံသုံးဆောင်သောအကျင့်…
၂။ တိစီဝရိတ် ဓုတင်= သင်္ကန်း သုံးထည်ကိုသာ ဝတ်ရုံသုံးဆောင်သောအကျင့်…
၃။ ပိဏ္ဍပါတ် ဓုတင်= ဆွမ်းခံ၍ စားသောအကျင့်…
၎။ သပဒါနစာရိက ဓုတင်= အိမ်စဉ်မကျော်ပဲ ဆွမ်းခံသောအကျင့်…
၅။ ဧကာသနိက် ဓုတင်= တနေရာတည်း၌သာ ဣရိယာပုတ် မပြောင်းပဲ (တစ်ကြိမ်တည်းသာ) စားသောအကျင့်…
၆။ ပတ္တပိုဏ် ဓုတင်= စားခွက်တခုတည်း၌သာ စားဖွယ်အားလုံးထည့်၍ စားသောအကျင့်…
၇။ ခလုပစ္ဆာဘတ် ဓုတင်= တော်ပြီဟု တားမြစ်ပြီးနောက် စားကောင်းအောင် ဝိနည်းကံ ပြုထားသော စားဖွယ်ကိုပင် မစားတော့သောအကျင့်…
၈။ အာရညကင် ဓုတင်= တောရကျောင်း၌သာ နေသောအကျင့်…
၉။ ရုက္ခမူ ဓုတင်= သစ်ပင်အောက်၌ နေသောအကျင့်…
၁ဝ။ အဗ္ဘောကာသိက ဓုတင်= အမိုးမရှိသော လဟာပြင်၌ နေသောအကျင့်…
၁၁။ သုသာန် ဓုတင်= သုသာန်၌ နေသောအကျင့်…
၁၂။ ယထာသန္တတိ ဓုတင်= မိမိအတွက် ပေးထားသော ကျောင်းအိပ်ရာ နေရာ၌သာ နေသောအကျင့်…
၁၃။ နိသဇ္ဇိ ဓုတင်= မလဲလျောင်းပဲ ရပ်ခြင်း ထိုင်ခြင်း ဣရိယာပုတ်ဖြင့်သာ နေသောအကျင့် အားဖြင့် ၁၃-ပါး ဖြစ်ပါတယ်…

ရည်ရွယ်ချက် ၅-မျိုး

ဓုတင်ဆောင် ရဟန်းတို့မှာ ရည်ရွယ်ချက် ၅-မျိုး ရှိတတ်ပါတယ်…
၁။ ဓုတင်အကျိုး အာနိသင်ကို မသိပဲ ဆောက်တည်ခြင်း…
၂။ ပစ္စည်းလာဘ်လာဘနှင့် ကျော်စောမှုကို အလိုရှိ၍ ဆောက်တည်ခြင်း…
၃။ ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း…
၎။ မြတ်ဗုဒ္ဓနှင့် သာဝကတို့ ချီးမွမ်းသောအကျင့်ဖြစ်၍ ဆောက်တည်ခြင်း…
၅။ အလိုနည်းခြင်း ရောင့်ရဲလိုခြင်းကြောင့် ဆောက်တည်ခြင်း…

ဓုတင်ဆောက်တည်သူများဟာ ၁-၂-၃-ကြောင့်မဟုတ်ပဲ… ၄-၅-ကြောင့်သာ ဆောက်တည်ကျင့်သုံး သင့်ပါတယ်…

ဓုတင်အကျင့် ကျင့်ထိုက်တဲ့သူ ၁ဝ-ဦးရှိပါတယ်…

၁။ ယုံကြည်မှုဟု ခေါ်ဆိုရသော သဒ္ဓါတရားရှိသူ ဖြစ်ခြင်း…
၂။ မကောင်းမှု ပြုရမှာ ရှက်တတ်သူ ဖြစ်ခြင်း…
၃။ တည်ကြည်သူ ဖြစ်ခြင်း…
၎။ သမာဓိရှိသူ ဖြစ်ခြင်း…
၅။ အံ့သြဖွယ်ကို မပြုတတ်သူ ဖြစ်ခြင်း…
၆။ အကျိုးကို ထုံလေ့ရှိသူ ဖြစ်ခြင်း…
၇။ မလျှပ်ပေါ် မလော်လည်သူ ဖြစ်ခြင်း…
၈။ ကောင်းသော သိက္ခာအကျင့်ကို လိုလားသူ ဖြစ်ခြင်း…
၉။ စွဲမြဲစွာ ဆောက်တည်တတ်သူ ဖြစ်ခြင်း…
၁ဝ။ ကဲ့ရဲ့ခြင်းသဘော မရှိသူ ဖြစ်ခြင်း…

ဓုတင်အကျိုး (၁၈-မျိုး သို့ ၂၈-မျိုး) အကျိုးများစွာ ရှိသည့်အတွက် သင့်သလို ရေတွက်နိုင်ပါတယ်…
ဒီမှာတော့ ၁၈-မျိုးပဲ ထုတ်ပြပါမယ်…
၁။ ချမ်းသာကျိုးရှိသည်။
၂။ အကျင့်စင်ကြယ်ခြင်း။
၃။ ကျင့်ဝတ်ကောင်းစွာ ပြည့်စုံခြင်း။
၎။ ကာယကံ ဝစီကံကို ကောင်းစွာ စောင့်ရှောက်အပ်ခြင်း။
၅။ ပီတိအလေ့အကျင့် ကောင်းစွာစင်ကြယ်ခြင်း။
၆။ လုံ့လကိုကောင်းစွာ ချီးမြှောက်အပ်ခြင်း။
၇။ ဘေးဥပါဒ်ငြိမ်းခြင်း။
၈။ အတ္တဟုစွဲယူမှု ဒိဋ္ဌိငြိမ်းခြင်း။
၉။ ရန်ငြိုးထားမှုငြိမ်းခြင်း။
၁ဝ။ မေတ္တာတရား ရှေးရှုတတ်ခြင်း။
၁၁။ အာဟာရကို ပိုင်းခြားနိုင်ခြင်း။
၁၂။ သတ္တဝါအားလုံး အလေးပြုခြင်း။
၁၃။ ဘောဇဉ်၌ အတိုင်းအရှည်သိခြင်း။
၁၄။ နိုးကြားမှုကို အားထုတ်နိုင်ခြင်း။
၁၅။ စွဲလမ်းဖွယ် နေရာမရှိ ချမ်းသာရာအရပ်၌ နေနိုင်ခြင်း။
၁၆။ မကောင်းမှုကိုစက်ဆုပ်ခြင်း။
၁၇။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်ခြင်း။
၁၈။ အမြဲမပြတ် မမေ့မလျော့ရှိခြင်း။

ဓုတင် ၁၃-ပါး နေထိုင်ပုံ ဆောက်တည်ပုံ

၁… ပံသုကူ ဓုတင်…

ပါဠိလို= ဂဟပတိ စီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= လူတို့ လှူသောသင်္ကန်း သုံးစွဲခြင်းကို ပယ်ပါ၏၊
ပိုင်ရှင်မဲ့သော ပံသုကူသင်္ကန်း ၀တ်ရုံခြင်းကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

ဒါယကာ ဒါယိကာမတို့ လှူဒါန်းသော သင်္ကန်းတို့ကို မ၀တ်ရုံတော့ပဲ… ပိုင်ရှင်မရှိသော အ၀တ်ပိတ်စ သင်္ကန်းစသည်တို့ကို အမှိုက်ပုံ လမ်းဘေး သင်္ချိုင်းကုန်းစသည် နေရာစုံမှ ရရှိသော အ၀တ်သင်္ကန်းတို့ကို ၀တ်ရုံခြင်း ဖြစ်ပါတယ်… လူတို့လှူသော သင်္ကန်းကို သာယာသောခဏ၌ပင် ပံသုကူဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

ပံသုကူဓုတင်ဆောင် ရဟန်း သုံးမျိုးရှိလေသည်…

ပံသုကူဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
လမ်းဘေး အမှိုက်ပုံ သင်္ချိုင်းကုန်းစသည်မှ ပိုင်ရှင်မရှိသော သင်္ကန်းကို ကောက်ယူဝတ်ရုံသော ရဟန်းသည် အမြတ်စား ပံသုကူ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ပံသုကူဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
ရဟန်းကောက်ယူစေရန် ချထားသော သင်္ကန်းစသည်ကို ကောက်ယူဝတ်ရုံသော ရဟန်းသည် အလတ်စား ပံသုကူ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ပံသုကူဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
ရဟန်း၏ခြေရင်း၌ ချထားသော သင်္ကန်းစသည်ကို ကောက်ယူဝတ်ရုံသော ရဟန်းသည် မုဒု ပံသုကူ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၂… တိစီဝရိတ် ဓုတင်…

ပါဠိလို= စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= လေးထည်မြောက် သင်္ကန်း သုံးစွဲခြင်းကို ပယ်ပါ၏။
သင်္ကန်းသုံးထည်သာ ၀တ်ရုံခြင်းကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

အောက်ပိုင်းဝတ်သောသင်္ကန်း (သင်းပိုင်) အထက်ပိုင်းဝတ်သောသင်္ကန်း (ဧကသီ) အပေါ်မှ ချုံရုံသောနှစ်ထပ်သင်္ကန်း (ဒုကုဋ်) စသည် သုံးထည်သော သင်္ကန်းကိုသာ ၀တ်ရုံခြင်း ဖြစ်ပါတယ်… လေးထည်မြောက်ဖြစ်သော နောက်တစ်ထည်ကို မသုံးရတော့ပါ… လေးထည်မြောက် သင်္ကန်း သုံးသည့်အချိန်ခဏမှာပင် တိစီဝရိတ် ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

တိစီဝရိတ် ဓုတင်ဆောင် ရဟန်း သုံးမျိုးရှိလေသည်…

တိစီဝရိတ် ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)

အောက်ပိုင်းသင်္ကန်း ချုပ်ဆိုး ဖွတ်လျော်လျှင် အပေါ်ပိုင်းသင်္ကန်းကို အောက်ပိုင်းတွင် ၀တ်ထားရမည်… အပေါ်ပိုင်းသင်္ကန်း ချုပ်ဆိုး ဖွတ်လျော်လျှင် အောက်ပိုင်းသင်္ကန်းကို အောက်ပိုင်းတွင် ၀တ်ထားရမည်… နှစ်ထပ်သင်္ကန်းကြီးကို အပေါ်ပိုင်းတွင်သာ အသုံးပြုရမည် အောက်ပိုင်း မ၀တ်ရပါ… လူသူကင်းရှင်းရာ တောတွင်းမှာဖြစ်ပါက နှစ်ထည်လုံး ဖွတ်လျော်နိုင်ပါတယ်… လူလာလျှင်တော့ အောက်ပိုင်းခြုံနိုင်ရန် အရှက်ကာကွယ်ရန် သင်္ကန်းနှင့် နီးရာတွင်နေရမှာ ဖြစ်ပါတယ်… ထိုရဟန်းသည် အမြတ်စား တိစီဝရိတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

တိစီဝရိတ် ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
အောက်ပိုင်းနှင့် အပေါ်ပိုင်းသင်္ကန်း ဖွတ်လျော်နေစဉ် လေးထည်မြောက် သင်္ကန်းကို ခေတ္တခဏ၀တ်ရုံသော ရဟန်းမျိုး ဖြစ်ပါတယ်… ထိုရဟန်းသည် အလတ်စား တိစီဝရိတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

တိစီဝရိတ် ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
လေးထည်မြောက် သင်္ကန်းအဖြစ် အိပ်ယာခင်းသော် လည်းကောင်း အံသကိုဋ်သော် လည်းကောင်း သုံးသော ရဟန်းမျိုးသည် မုဒု တိစီဝရိတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်… (အံသကိုဋ်ဟူသည် ယခုခေတ်သုံးနေသော အတွင်းခံ အင်္ကျီမျိုး မဟုတ်ပါ... အနံတထွာ အလျားသုံးတောင်ရှိ ပိတ်စလေးသာ ဖြစ်ပါတယ် ထည့်ရန်အိပ်ကပ် မပါရှိရပါ)

၃… ပိဏ္ဍပါတ် ဓုတင်…

ပါဠိလို= အတိရေကလာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= လာဘ်ပို လာဘ်လျှံကို ပယ်ပါ၏။
လှည့်လည် ဆွမ်းခံ၍ရသော ဆွမ်းကိုသာ စားသောက်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

သံဃာကိုလှူသောဆွမ်း (သံဃဘတ်) ကျောင်းကိုရည်ရွယ်၍ လှူသောဆွမ်း (၀ိဟာရဘတ်) အစရှိသည် ဘတ် ၁၄-မျိုးကိုပယ်၍ အိမ်စဉ်လှည့်လည် ဆွမ်းခံစားသောအကျင့် ဖြစ်ပါတယ်… ခံဆွမ်းမှအပ အပိုဆွမ်းများကို သာယာသောခဏ၌ပင် ပိဏ္ဍပါတ်ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

ပိဏ္ဍပါတ်ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
ဆွမ်းခံလှည့်လည်၍ ရရှိသောဆွမ်းကိုသာ လက်ခံသာယာသောရဟန်းသည် အမြတ်စား ပိဏ္ဍပါတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ပိဏ္ဍပါတ်ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
ဖိတ်ကြားထားသောဆွမ်းကို ယနေ့အတွက် စောင့်ပြီး ခံယူသည် မနက်ဖြန်အတွက် ဖိတ်ကြားခြင်းကိုကား လက်မခံသည့် ရဟန်းသည် အလတ်စား ပိဏ္ဍပါတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ပိဏ္ဍပါတ်ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
မနက်ဖြန် သဘက်အတွက် ဖိတ်ကြားထားသောဆွမ်းကို လက်ခံ သာယာသော ရဟန်းသည် မုဒု ပိဏ္ဍပါတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၎… သပဒါနစာရိက ဓုတင်…

ပါဠိလို= လောလုပ္ပစာရံ ပဋိက္ခိပါမိ၊ သပဒါန စာရိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= အိမ်စဉ်ကျော်၍ ခံယူခြင်းကိုပယ်ပါ၏၊
အိမ်စဉ်မကျော် အစဉ်အတိုင်း ရပ်၍ရသောဆွမ်းကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

ဆွမ်းခံထွက်သည့်အခါ ရည်မှန်းထားသော အိမ်စဉ်အတိုင်း အိမ်စဉ်မကျော်ပဲ အစဉ်အတိုင်း ဆွမ်းခံစားသောအကျင့် ဖြစ်ပါတယ်… ဆွမ်းကောင်း ဟင်းကောင်းမက်၍ အိမ်စဉ်ကျော်သောခဏ၌ပင် သပဒါနာစာရိက ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

သပဒါနစာရိက ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
မိမိရောက်ဆဲ နေရာအိမ်မှ လောင်းလှူသောဆွမ်းကိုသာ လက်ခံသာယာသော ရဟန်းသည် အမြတ်စား သပဒါနစာရိက ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

သပဒါနစာရိက ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
မိမိရောက်ဆဲ နေရာအိမ်မှလည်းကောင်း၊ ရှေ့အိမ် နောက်အိမ်မှလည်းကောင်း၊ ဆွမ်းစားဇရပ်သို့ ယူလာသောဆွမ်းကိုလည်းကောင်း လက်ခံသာယာသော ရဟန်းသည် အလတ်စား သပဒါနစာရိက ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

သပဒါနစာရိက ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
မိမိရောက်ဆဲ နေရာအိမ်မှလည်းကောင်း၊ ရှေ့အိမ် နောက်အိမ်မှလည်းကောင်း၊ ဆွမ်းစားဇရပ်သို့ ယူလာသောဆွမ်းကိုလည်းကောင်း၊ ဘိတ်မံထားသောဆွမ်းကို စောင့်၍လည်းကောင်း လက်ခံသာယာသော ရဟန်းသည် မုဒု သပဒါနစာရိက ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၅… ဧကာသနိက် ဓုတင်…

ပါဠိလို= နာနာသန ဘောဇနံ ပဋိက္ခိပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= နေရာအထူးထူး၌ စားခြင်းကို ပယ်ပါ၏။
တထိုင် တနေရာတည်း၌ စားခြင်းကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

တစ်ရက်အတွင်းမှာ တစ်ကြိမ်တည်းသဘော… ထိုင်နေသော တစ်နေရာတည်းမှ မထပဲ တစ်ကြိမ်သာ ဘုဉ်းပေးသုံးဆောင်ခြင်း ဖြစ်ပါတယ်… တစ်ရက်တည်း အတွင်းမှာ တစ်ကြိမ်ဘုဉ်းပေးပြီး နောက်တစ်နေရာမှာ ထပ်စားသည့်ခဏ၌ပင် ဧကာသနိက် ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

ဧကာသနိက် ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
သပိတ်အတွင်း လက်နှိုက်သည့်အခါ လက်ကျရာ အစာကိုသာ ကိုင်ယူ၍ ဘုဉ်းပေးသောပုဂ္ဂိုလ်သည် အမြတ်စား ဧကာသနိက် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ဧကာသနိက် ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
သပိတ်အတွင်း ဆွမ်းမကုန်သေးမျှ သပိတ်တွင်းရှိရာ ဘောဇဉ်ကို နှစ်သက် အဆင်ပြေသလို ဘုဉ်းပေးသောပုဂ္ဂိုလ်သည် အလတ်စား ဧကာသနိက် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ဧကာသနိက် ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
ထိုင်ရာမှ မထသေးသမျှ… သပိတ်ဆေးရေ မယူသေးမခြင်း ဘုဉ်းပေးသော ပုဂ္ဂိုလ်သည် မုဒု ဧကာသနိက် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၆… ပတ္တပိုဏ် ဓုတင်…

ပါဠိလို= ဒုတိယဘာဇနံ ပဋိက္ခိပါမိ၊ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= နှစ်ခွက်မြောက်သောဆွမ်း, ဟင်း, ကိုပယ်ပါ၏။
သပိတ်တခွက်တည်းနှင့်သာ ဘုဉ်းပေးသုံးဆောင်ပါမည်ဟု ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

သပိတ်တစ်လုံးထဲမှာသာ စားစရာအားလုံး ထည့်၍စားခြင်း… စားပွဲပေါ်မှာ ဟင်းခွက်အပို ဆောင်၍ မစားသောအကျင့် ဖြစ်ပါတယ်… နှစ်ခုမြောက်ခွက်ထဲ ထည့်စားသည့်ခဏ၌ပင် ပတ္တပိုဏ် ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

ပတ္တပိုဏ် ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
ဆွမ်းဘုဉ်းနေစဉ် စားကြွင်း အရိုး အမှိုက်များ ထည့်တာကအစ နှစ်ခုမြောက်ခွက်ကို မသုံးတော့သောပုဂ္ဂိုလ်… ကြံစုတ်သည်မှလွဲ၍ စားစရာများကို လက်ဖြင့်ဖဲ့၍ မစားသော ပုဂ္ဂိုလ်သည် အမြတ်စား ပတ္တပိုဏ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ပတ္တပိုဏ် ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
လိုအပ်လျှင် ဆွမ်းခဲဖွယ် ဘောဇဉ် စားစရာများကို လက်ဖြင့်ကိုင်ဖဲ့၍ စားသော ပုဂ္ဂိုလ်သည် အလတ်စား ပတ္တပိုဏ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ပတ္တပိုဏ် ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
ဆွမ်းခဲဖွယ် ဘောဇဉ် စားစရာများကို လက်ဖြင့်ဖဲ့၍လည်းကောင်း… လက်ဖြင့်ဆွဲကိုင် သွားဖြင့် ကိုက်ဖဲ့၍ လည်းကောင်း စားသော ပုဂ္ဂိုလ်သည် မုဒု ပတ္တပိုဏ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၇… ခလုပစ္ဆာဘတ် ဓုတင်…

ပါဠိလို= အတိရိတ္တ ဘောဇနံ ပဋိက္ခိပါမိ၊ ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= အတိရိက် ဝိနည်းကံဆွမ်းကို ပယ်ပါ၏။
တော်ပြီဟုတားမြစ်ပြီးနောက် ရသောဆွမ်းကို မစားသော ဓုတင်ကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

ဆွမ်းဘုဉ်းနေစဉ် တော်ပါပြီဟု ပြောပြီးနောက် ၀ိနည်းအရ အပ်စပ်အောင်ပြုပြီး စားသောအကျင့်ကိုပယ်၍ တားမြစ်ပြီးနောက် ထပ်မစားသော အကျင့်ကို ဆောက်တည်သောအကျင့် ဖြစ်ပါတယ်… တားမြစ်ပြီးနောက် အပ်စပ်အောင်ပြု၍ စားသည့်ခဏ၌ပင် ခလုပစ္ဆာဘတ် ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

ခလုပစ္ဆာဘတ် ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
ဆွမ်းစားနေစဉ် ယူပါဦးဘုရားဟု ဒကာကပြောသည့်အခါ တော်ပါပြီဟု တားမြစ်မိတာနဲ့ ထပ်မစား မဘုဉ်းပေးတော့သော ပုဂ္ဂိုလ်သည် အမြတ်စား ခလုပစ္ဆာဘတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ခလုပစ္ဆာဘတ် ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
ဆွမ်းစားနေစဉ် တော်ပါပြီဟု တားမြစ်မိပြီးနောက် ကျန်ရှိနေသေးသောအစာကို ဘုဉ်းပေးသောပုဂ္ဂိုလ်သည် အလတ်စား ခလုပစ္ဆာဘတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ခလုပစ္ဆာဘတ် ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
ဆွမ်းစားနေစဉ် တော်ပါပြီဟု တားမြစ်မိပြီးနောက် ထိုင်နေရာမှ မထသေးသ၍ ဘုဉ်းပေးသောပုဂ္ဂိုလ်သည် မုဒု ခလုပစ္ဆာဘတ် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၈… အရညကင် ဓုတင်…

ပါဠိလို= ဂါမန္တ သေနာသနံ ပဋိက္ခိပါမိ၊ အရညိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= ရွာနီး(မြို့တွင်း)ကျောင်းတွင် နေခြင်းကို ပယ်ပါ၏။
တောရကျောင်း၌ နေခြင်းကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

မြို့ကျောင်း ရွာကျောင်းမှာ အရုဏ်တက်ထိနေခြင်းကိုပယ်၍… တောကျောင်း (မြို့ရွာအစွန်မှ အလံငါးရာအကွာ - ခန့်မှန်း) မှာ နေထိုင်သောအကျင့် အရုဏ်တက်ထိနေသောအကျင့် ဖြစ်ပါတယ်… ရွာကျောင်းမှာ အရုဏ်တက်သည်ထိ နေထိုင်လျှင် အရညကင် ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်… တရားနာရင်း ရွာတွင်းမှာ အရုဏ်တက်ခဲ့သော်လည်း ဓုတင်မပျက်ပါ…

အရညကင် ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
နွေ မိုး ဆောင်း ဥတုသုံးပါးလုံး တော၌သာ အရုဏ်တက်သော ပုဂ္ဂိုလ်သည် အမြတ်စား အရညကင် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

အရညကင် ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
မိုးလေးလ ရွာကျောင်းမှာနေ၍ ကျန်ရှစ်လ တောကျောင်းမှာနေသော ပုဂ္ဂိုလ်သည် အလတ်စား အရညကင် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

အရညကင် ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
မိုးလေးလ ဆောင်းလေးလ ရွာကျောင်းမှာနေ၍ ကျန်လေးလသာ တောကျောင်းမှာနေသော ပုဂ္ဂိုလ်သည် မုဒု အရညကင် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၉… ရုက္ခမူ ဓုတင်…

ပါဠိလို= ဆန္နံပဋိက္ခိပါမိ၊ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= အမိုးအကာရှိသောကျောင်းတွင် နေခြင်းကို ပယ်ပါ၏။
သစ်ပင်ရင်း၌သာ နေမည်ဟု ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

အမိုးအကာရှိသော ကျောင်းနေရာကို ပယ်၍ သစ်ပင်အောက်၌သာ နေသောအကျင့် ဖြစ်ပါတယ်… အမိုးအောက် နေလိုသောစိတ်ဖြင့် ၀င်ရောက်ပါက ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

ရုက္ခမူ ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
မိမိနေလိုသော သစ်ပင်အောက်ဝင်၍ ခြေဖြင့်သာ နေရာထိုင်ခင်းကို ရှင်းလင်းနေထိုင်သော ပုဂ္ဂိုလ်သည် အမြတ်စား ရုက္ခမူ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ရုက္ခမူ ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
မိမိနေလိုသော သစ်ပင်အောက်သို့ ရောက်လာသူလူများကို ရှင်းလင်းခိုင်း၍ နေထိုင်သော ပုဂ္ဂိုလ်သည် အလတ်စား ရုက္ခမူ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ရုက္ခမူ ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
ဒကာ ဒကာမ သာမဏေတို့အား ခေါ်၍ မိမိနေလိုသော သစ်ပင်အောက် ရှင်းလင်းခိုင်းပြီး နေထိုင်သောပုဂ္ဂိုလ်သည် မုဒု ရုက္ခမူ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၁၀… အဗ္ဘောကာသိက ဓုတင်…

ပါဠိလို= ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ၊ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= အမိုး အကာရှိသောကျောင်းနှင့် သစ်ပင်တို့ကိုပယ်ပါ၏။
လွင်တီးခေါင်၌ နေထိုင်ခြင်းကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

အမိုးအကာရှိသော အဆောက်အဦ ဂူကျောင်းစသည်ကိုပယ်၍… သစ်ပင်အောက် နေထိုင်ခြင်းကိုလည်းပယ်ပြီး အမိုးအကာမရှိ လွင်တီးခေါင်မှာနေသော အကျင့်ဖြစ်ပါတယ်… အမိုးအောက် သစ်ပင်အောက် ၀င်သောခဏ၌ပင် အဗ္ဘောကာသိက ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

အဗ္ဘောကာသိက ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
အမိုးအကာအောက် မနေထိုင်ပဲ လိုအပ်ပါက သင်္ကန်းကိုသာ (ကုဋီ=အဆောက်အဦ) မိုး၍ ခြုံ၍ နေထိုင်သောပုဂ္ဂိုလ်သည် အမြတ်စား အဗ္ဘောကာသိက ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

အဗ္ဘောကာသိက ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
အိမ် တောင်နံရံ သစ်ပင်တို့၏ ဘေးတွင်ကပ်၍ နေထိုင်သော ပုဂ္ဂိုလ်သည် အလတ်စား အဗ္ဘောကာသိက ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

အဗ္ဘောကာသိက ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
သစ်ခက်ကျဲကျဲ အမိုးအောက်… စွန့်ပြစ်ထားသော လယ်စောင့်တဲ့ အမိုးကျဲကျဲ စသည်တို့၌ နေထိုင်သော ပုဂ္ဂိုလ်သည် မုဒု အဗ္ဘောကာသိက ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၁၁… သုသာန် (သုသာန) ဓုတင်…

ပါဠိလို= န သုသာနံ ပဋိက္ခိပါမိ၊ သောသာနိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= သုသာန် မဟုတ်သော နေရာကို ပယ်ပါ၏။ သုသာန်၌ နေပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

လူသေကောင်တို့ မြှုပ်နှံရာ သုသာန် မဟုတ်သော နေရာတို့မှာ နေထိုင်ခြင်းမပြုပဲ… သုသာန်မှာသာ နေထိုင်သော အကျင့် ဖြစ်ပါတယ်… သုသာန်မဟုတ်သော အရပ်၌ နေထိုင်လျှင် ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

သုသာန် ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
သုသာန် ဓုတင်ဆောင်သူသည် သူသေကောင်တို့ကို မီးဖုတ်ခြင်း… အပုပ်နံ့ အမြဲရှူနေရခြင်း… ငိုကြွေးသံတို့ကို မပြတ်ကြားနေရသော ပုဂ္ဂိုလ်သည် အမြတ်စား သုသာန် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

သုသာန် ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
သုသာန် ဓုတင်ဆောင်သူသည် သူသေကောင်တို့ကို မီးဖုတ်ခြင်း… အပုပ်နံ့ အမြဲရှူနေရခြင်း… ငိုကြွေးခြင်း သုံးမျိုးမှ တစ်မျိုးမျိုးကို မပြတ် ကြုံတွေ့နေရပါက အလတ်စား သုသာန် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

သုသာန် ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
သုသာန်လက္ခဏာ ရှိရုံမျှရှိသော နေရာတွင် နေထိုင်သောပုဂ္ဂိုလ်သည် မုဒု သုသာန် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၁၂… ယထာ သန္တတိ ဓုတင်…

ပါဠိလို= သေနာသန လောလုပ္ပံ ပဋိက္ခိပါမိ၊ ယထာ သန္ထတိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= နေရာကောင်း ကျောင်းကောင်းရွေးချယ်မှု တဏှာကို ပယ်ပါ၏။
ညွှန်ပြရာ နေရာ အတိုင်း နေထိုင်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

မိမိရောက်ရာအရပ် ဒေသတွင် ကျောင်းထိုင် ကျောင်းပိုင် သက်ဆိုင်သူများက ပေးအပ်သော ကျောင်းအိပ်ရာ နေရာကို ကောင်းသည် မကောင်းပြီ မရွေးချယ်တော့ပဲ ကျရာလက္ခံပြီး နေထိုင်သောအကျင့် ဖြစ်ပါတယ်… ကျောင်းအိပ်ရာကောင်းကို မက်မောသော ခဏ၌ပင် ယထာ သန္တတိ ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…


ယထာ သန္တတိ ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
မိမိရရှိရာ ကျောင်းနေရာ ကောင်း၏ဆိုး၏ ဘေးရှိလား ဘေးကင်းလားမှ မမေးတော့ပဲ ရောင့်ရဲကျေနပ်သူ ပုဂ္ဂိုလ်သည် အမြတ်စား ယထာ သန္တတိ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ယထာ သန္တတိ ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
မိမိရရှိရာ ကျောင်းနေရာ ကောင်း၏ဆိုး၏ ဘေးရှိလား ဘေးကင်းလားဆိုသည်ကို မေးတော့မေး၏ နေရာကိုသွားမကြည့်တော့ပဲ နေထိုင်သူ ပုဂ္ဂိုလ်သည် အလတ်စား ယထာ သန္တတိ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ယထာ သန္တတိ ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
ကောင်းဆိုး အကြောင်းအကျိုးကို မေးပြီး သွားကြည့်ပြီးမှ နေထိုင်သူ… ကျန်းမာရေးအရ မမျှတသေးလျှင်လည်း နေရာပြောင်း၍ နေထိုင်သူပုဂ္ဂိုလ်သည် မုဒု ယထာ သန္တတိ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

၁၃… နိသဇ္ဇိ ဓူတင်…

ပါဠိလို= သေယျံ ပဋိက္ခိပါမိ၊ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။
မြန်မာလို= လဲလျောင်း၍ အိပ်ခြင်းကို ပယ်ပါ၏။
ထခြင်း, ထိုင်ခြင်း, စင်္ကြံသွားခြင်းကို ဆောက်တည်ပါ၏။
ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ဆောက်တည်နိုင်ကြပါတယ်…

ဤ ဓုတင်သည် ဣရိယာပုတ်လေးပါး (လဲ-ထိုင်-ထ-လျှောက်) ရှိသည်တွင် လဲလျောင်း၍နေသော အကျင့်ကို ပယ်ခြင်းဖြစ်ပါတယ်… လဲလျောင်းအိပ် (ခေါင်းချ) သည့် ခဏ၌ပင် နိသဇ္ဇိ ဓုတင် ပျက်လေပြီ… ဓုတင်ဆောင်လိုက ပြန်လည်၍ ဆောက်တည်ရပေမည်…

နိသဇ္ဇိ ဓုတင်ဆောင် ဥက္ကဌ် ပုဂ္ဂိုလ်… (ထူးမြတ်သည်)
ကျောမှီခုံပေါ်မှာမထိုင် နံရံကိုလည်းမမှီပဲ ဒူးထောင် လက်ပိုက်၍လည်းမနေပဲ ထိုင်ခြင်း မတ်တပ်ထနေခြင်း လမ်းလျှောက်ခြင်းဖြင့်သာ နေထိုင်သောပုဂ္ဂိုလ်သည် အမြတ်စား နိသဇ္ဇိ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

နိသဇ္ဇိ ဓုတင်ဆောင် မဇ္ဈုံ ပုဂ္ဂိုလ်… (အလယ်-အလတ်)
မတ်တပ်ထနေခြင်း လမ်းလျှောက်ခြင်းအပြင် ကျောမှီရှိသောနေရာတွင် မှီ်ပြီး နေထိုင်သောပုဂ္ဂိုလ်သည် အလတ်စား နိသဇ္ဇိ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

နိသဇ္ဇိ ဓုတင်ဆောင် မုဒု ပုဂ္ဂိုလ်… (နူးညံ့-ပျော့ပြောင်း)
ကျောမှီပါသော ကုလားထိုင်… ကျောမှီလက်တင်ပါသော ကုလားထိုင်… ဘေးနောက် ၀ဲယာ မှီအုံး စသည်များနှင့် နေထိုင်သောပုဂ္ဂိုလ်သည် မုဒု နိသဇ္ဇိ ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်ပါတယ်…

ရဟန်းသည် ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့်
မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊
ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၁.၂၉.၂၀၁၁


အကျယ်လေ့လာလိုသော်
ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိသျ ပထမတွဲ စာမျက်နှာ ၁၅၈
အလှတရားထံမှ ဖြစ်ပါသည်…

No comments: