Wednesday, June 16, 2010

သိက္ခာပုဒ်ကို လူတို့အား ပြောကောင်း မပြောကောင်း...

ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု

27 May 10, 03:32
ဂျေဂျူဝိုင်: တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။ ရဟန်းအတွက် ဘုရားရှင်က ပညတ်ထားသော သိက္ခာပုဒ်ကို လူတို့အား မပြောကောင်းပါ။ သိက္ခာပုဒ်တို့ ဤကဲ့သို့ ရှိပါလျှက် ဤရဟန်းများက ဤသို့ မကျင့် ရဟန်းပျက် ဖြစ်လေယောင်တကား ဟု အကြည်ညို လျှော့နိုင်သောကြောင့် ဘုရားရှင်မှ ရဟန်းတော်များ ကျင့်ရသော သိက္ခာပုဒ်များကို လူတို့အား မပြောရဟု ပညတ်ထားခြင်း ရှိတော်မူခဲ့ပါသည် ဘုရား။ မေးမြန်းခြင်း ရှိခဲ့လျှင်တောင်မှ အကြည်ညို ပျက်ဖွယ် ရှိရင် လျှော့ပြောရကြောင်းပါ ဘုရား။

lknt
ဒကာလေး ဂျေဂျူဝိုင် ရေ... ရေးစေချင်လို့ မေးတယ်လို့ ထင်မိပါတယ်... ဒါကြောင့် တတ်သလောက်လေး ခံစားရသလောက် ရေးပေးပါ့မယ်... သည်အချိန် ဘုန်းကြီးအတွက် ကန္တာရပဲ ဘ၀ခရီးခဲက ကြမ်းတမ်းနေတယ်... ဒါကြောင့် မေးခွန်းတွေ သိရတာ နောက်ကျ... အဖြေတွေ နောက်ကျနေပါတယ်... လူ-သာမဏေအား ရဟန်းဝိနည်း သင်မပေးရ သင်ပေးရင် အာပတ်သင့်စေ ဆိုတာတော့ ၂၂၇-မျိုးသော သိက္ခာပုဒ်ထဲမှာ ရှာလို့ကို မတွေ့သေးပါဘူး... နံပါတ်ကလေး ပြောပြပေးနိုင်ပါတယ်... ၀ိနည်းတွေ ဖတ်လေဖတ်လေ လူတွေကို ပိုပြီး သိစေချင်လေ ဘုရားကြည်ညိုလေ ဖြစ်နေပါတယ်... တကယ်လို့ပါခဲ့ရင်လည်း ဆဋ္ဌမူ ပါဠိတော်နဲ့လွဲရင် ဘယ်ထဲပါပါ ဘုန်းကြီး စိတ်မ၀င်စားပါဘူး... နောက်တနည်း ဘယ်သူဟောဟော ဘယ်ထဲပါပါ ဆဋ္ဌမူ ပါဠိတော်နဲ့ အယူတူရင် အားလုံး လက္ခံပါတယ်...

အာပတ် ၇-ပုံမှ...
ပါရာဇိကနှင့် သံဃာ့ဒိသိသ် အပြစ်သင့်နေသော ရဟန်း (အရှင် _ ဦး _ ) အကြောင်း သံဃာ့သမ္မုတိမရပဲ လူ သာမဏေအား မပြောရ ပြောခဲ့သော် ပါစိတ်အာပတ်သင့်... အောက်အာပတ် ၅-မျိုး သင့်နေကြောင်း ပြောကြားက ဒုက္ကဋ်အာပတ်သင့်တယ်လို့တော့ တွေ့မိပါတယ်... ပိဋကတ်သုံးပုံမှာ နှစ်ပုံသာ လူနဲ့သာမဏေကို သင်ပေးရမယ် ၀ိနည်းကို သင်မပေးရလို့တော့ မတွေ့မိသေးပါ... တရားတော်များ ကုန်စင်အောင် မလေ့လာနိုင်တာကတော့ အမှန်ပါပဲ...

ကိုယ်ရင် သာမဏေတွေ ၀ိနည်းတစ်ချို့ကို လိုက်နာစရာမလိုလို့ သင်မပေးခြင်း... လူတွေ ၀ိနည်း ၂၂၇-သွယ် လိုက်နာစရာမလိုလို့ သင်မပေးခြင်းများကို... တချို့က သင်မပေးရ ပြောမပြရလို့ ထင်နေတာတွေ ဖြစ်နိုင်ပါတယ်... တစ်ချို့ ဘုန်းကြီးများကတော့ သူတို့ အနေကျပ်မဆိုးလို့ သင်မပေးစေလိုတာတွေ တွေ့ဘူးပါတယ်... ပိဋကတ်သုံးပုံမှ တရားတော်များ လူတွေကိုသင်ပေး၍ အပါယ်လားရကြောင့် မပါရှိ၍ သိသလောက်လေး သင်ပေးမိပါတယ်...

ကုသိုလ်လိုချင်လို့ ဒုလ္လဘလာဝတ်ကြတဲ့ လူတွေကို သိမ်ထဲမှာ ပါရာဇိကလေးပါးပဲ သင်ပေးကြလို့ သံဃာ့ဒိသိသ်သင့်သွားရတဲ့ ဒုလ္လဘလေးတွေ နည်းမည်မထင်ပါ... သူတို့တစ်တွေ အများကြီး နစ်နာပါတယ်... ဒါကြောင့် သံဃာ့ဒိသိသ် ၁၃-ပါး အပါဝင် ၀ိနည်း ၂၂၇-မျိုးလုံး ခေါင်းစဉ်လောက်တော့ သိအောင် သင်ပေးလွှတ်လိုက်ပါတယ်... မမှတ်မိကြတာကတော့ သူတို့ကံပါပဲလေ...

ဘုန်းကြီးက... ကပ္ပိယံ ကရောဟိ... ဆိုရင်... လူက ကပ္ပိယံ ဘန္တေ... ဒါလောက်မှ မတတ်ရင်လည်း... ငါ့ကို အပ်စပ်အောင်လုပ်ပေးပါ ဆိုတာနဲ့... အရှင်ဘုရား အပ်စပ်အောင် လုပ်ပြီးပါပြီဘုရား လောက်တော့ သိကြမှ ဘုန်းကြီးများ အာပတ်နည်းပေလိမ့်မည်... ခုတော့ ဘုန်းကြီးများကလည်း သည်လိုမပြောတော့ပါ... ကပ္ပိယ အမည်ခံတွေကလည်း မသိတော့ပါ... လူတွေကတော့ ဝေလာဝေးပေါ့... တချို့ကမေးပါသေးတယ်.. ကပ္ပိယဆိုတာ ဘုန်းကြီးအနား ကပ်ပြီးနေတော့ ရလို့လားတဲ့...

ကံကောင်းလို့ ရဟန်းဖြစ်လာရသူဆိုတော့... ဘုန်းကြီးက သပိတ်နဲ့ ဆွမ်းဘုဉ်းပေးတာ များပါတယ်... တချို့က အရှင်ဘုရား သပိတ်နဲ့ မဘုဉ်းပါနဲ့တဲ့... သည်တော့ ဘာလို့လည်း ဒကာမကြီးဆိုတော့... သပိတ်ကြီးက ဆေးရတာ ခက်လို့ပါတဲ့... လောကကြီးက အဲလိုကွယ်... သပိတ်လေးနဲ့ ဆွမ်းဘုဉ်းခွင့်ရဖို့ ဘုန်းကြီးတို့မှာ စွန့်လွှတ်ခဲ့ရတာတွေ နည်းမှမနည်းပဲ... သူတို့ သပိတ်လေး ဆေးခွင့်ရခြင်းသည် ကံကောင်းလွန်းလို့ဆိုတာ ဒါကို သူတို့ မသိကြရှာဘူးလေ... မျက်စိထဲ မြင်မိတာကတော့လေ နောက်ဆို... ရဟန်းခံပွဲတွေမှာ ပရိက္ခရာ ၈-ပါး ပန်ချီကားလေးနဲ့ ရဟန်းခံကြလိမ့်မယ်... ပရိက္ခရာဆိုင်ရှင်တွေ ပန်းချီကားတွေ စုဆောင်းထားကြပေတော့... ပရိက္ခရာဓါတ်ပုံတွေ ကော်ပီကူးထားကြပေတော့...

ဗုဒ္ဓဘာသာအမည်ခံ လူတွေ... တစ်ချို့ပေါ့...
ဘုန်းကြီးကို မကပ်ရသေးတဲ့ဆွမ်း စားခိုင်းတယ်...
ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့စားခိုင်းရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...
ဘုန်းကြီးကို ဗေဒင်ဟောခိုင်းတယ်...
ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့ဟောခိုင်းရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...
ဘုန်းကြီးစီက နှစ်လုံးတောင်းတယ်...
ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့တောင်းရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...
ဘုန်းကြီးကို ရွှေငွေ ရတနာ မအပ်မစပ် လက်ထဲထည့် လှူချင်တယ်...
ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့သည်လိုလှူရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...

ဘုန်းဘုန်းဘုရား... ဘုရားစကား နားထောင်နဲ့နော် ကျမစကား နားထောင်ပါနော်... နော်... ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေတယ်... စကားလုံး ပြင်းပြင်းနဲ့ ဆိုရင်တော့ ဘုန်းကြီးတွေကို မအပ်စပ်မှန်းသိရဲ့သားနဲ့ ခိုင်းကြရင် သာသနာဖျက်တာပါပဲ... ဒါဟာ သာသနာကို ဖျက်ဆီးနေတာပါပဲ... ဘုရားကိုကြောပေးပြီး လက်ဝါးဖြန့် ငွေအလှူခံနေကြတာ အဆိုးဆုံး ဘုန်းကြီးအတွက် စိတ်အဆင်းရဲဆုံးပဲ... ဒါမျိုးတွေရေး ပြောနေလို့လည်း အခြေအနေက မကောင်းဘူး အတော်လူမုန်းများနေတယ်... သူမုန်းလည်း အရေးမလုပ်ပါဘူး... ဘုရားမမုန်းအောင်ပဲ နေတော့မယ်... (ဘုရားမမုန်းအောင်-တင်စားချက်ပါ)

ဒါကတော့ ဘုန်းကြီး ခံစားချက်ပဲလေ...
တခြားဆရာတော်များ ဘယ်လို ခံစားရလဲတော့ မသိပါဘူး...

သည်စာရေးရင်းနဲ့ လူစု နှစ်စုကို ယှဉ်ကြည့်မိတယ်... ရှေးယခင်က... ရဟန်းတော်များ ရဟန်းနဲ့ မတော်တာတွေ လုပ်ကြတော့ လူအများက ကဲ့ရဲ့ကြလို့ မြတ်ဗုဒ္ဓက ၀ိနည်းစည်းကမ်း ထုတ်ရတယ်... ကဲ့ရဲ့သူ လူစုကို ပထမအုပ်စုထား... ယခုခေတ် ၀ိနည်းစည်းကမ်း ထုတ်ပြန်ပြီးနောက် ရဟန်းတွေ အပြစ်ဖြစ်အောင် လုပ်နေသူများကို... ဒုတိယအုပ်စုထား... ပထမအုပ်စုနဲ့ ဒုတိယအုပ်စု ဘယ်လောက်များ ကွာသွားသလဲ... ဒုတိယ အုပ်စုထဲ မနေချင်ရင် ရဟန်းတွေ အပြစ်ဖြစ်အောင် မလုပ်နဲ့ပေါ့လေ...

ဒါ့ကြောင့်...
သာသနာကို စောင့်ရှောက်လိုတဲ့ အမျိုးကောင်းသားသမီးတွေ ၀ိနည်းစည်းကမ်းတွေ သိအောင်လုပ်ကြရမယ်... ဘုရားသားတော် ရဟန်းတော်များကို အာပတ်မသင့်အောင် စောင့်ရှောက်ကြရမယ်... ၀ိနည်းဖေါက်ပြီး မတော်တာတွေ လုပ်နေကြရင် ပြုပြင်ပေးကြရမယ်... သည်လိုဖြစ်စေချင်ပါတယ်... သည်လိုမဖြစ်ပဲ ၀ိနည်းနဲ့တိုင်းပြီး အကုသိုလ်ရှာနေရုံ... ၀ိနည်းမလေ့လာပဲ အကုသိုလ်ရှာနေရုံ ဆိုရင်တော့ သူတို့ထိုက်နဲ့ သူတို့ကံ သူတို့ခံကြပေါ့... ဘုန်းကြီးဘက်ကတော့... သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဆိုတဲ့အတိုင်းပါပဲ... အားလုံးသော အလှူတွေထဲမှာ တရားအလှူ အမြတ်ဆုံး ဆိုထားတော့ ကိုယ်ဘက်ကတော့ ကုသိုလ်ရပြီးသား... အကျိုးရှိနေတာကတော့ သေချာပါတယ်... ဒါကြောင့်လည်း အွန်းလိုင်းကနေ မြတ်ဗုဒ္ဓသာသနာကို စောင့်ရှောက်ဖို့... မသိသေးသူတွေကို ပြောပြဖို့.. ဖတ်စရာ မရှိသူတွေ အလွယ်တကူ ဖတ်နိုင်အောင် ထေရ၀ါဒမူအတိုင်း တင်ပေးဖို့ ဖြစ်တဲ့နည်းနဲ့ သည်ကုသိုလ်ကို ယူသွားမှာပါပဲ... တခါတရံ ကျန်းမာရေးနဲ့ အတော်ပင်ပန်းပါတယ်... ဒါပေမဲ့ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ ဉာဏ်ယှဉ်လို့ ဆက်လုပ်သွားပါမယ်...

သည်စာကို ဖတ်မိကြပြီး ရဟန်းတစ်ပါး (သို့) လူတစ်ယောက် အမှန်ကို လျှောက်မိမယ်ဆိုရင် ၀မ်းသာပါတယ်... ဘုန်းကြီးအတွက်ကတော့ လူနတ်ချမ်းသာဖြစ်ကြောင်း တရားတစ်ပုဒ်ပဲလို့ ခံယူပါတယ်...

သည်လို ရေးခွင့်ကြုံအောင် မေးတဲ့ ဂျေဂျူဝိုင်ကိုလည်း အရပ်သုံးစကားနဲ့ပြောရရင် ကျေးဇူးတင်ပါတယ်ပေါ့... ဘုန်းကြီးလိုဆိုရင်တော့ ကိုယ်စိတ်နှစ်ပါး မျှတပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတောင်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...
ဦးလောကနာထ
၆.၁၁.၂၀၁၀

ဒီစာရေးပြီးတော့မှ
ဂျေဂျူဝိုင်ကို ဦးဇင်း ဆိုပြီး စီဘောက်စ်မှာ Sai က ရေးထားတာ တွေ့လိုက်ရပါတယ်...
တကယ်ဦးဇင်းဘ၀ပဲ ရှိသေးတယ် ဆိုရင်တော့ အရေးအသားတွေမှာ
အဂါရ၀ဖြစ်ခဲ့ရင် သည်းခံပါ အရှင်ဘုရား...
ဝါကြီးခဲ့ရင်လည်း သည်နေရာက ကန်တော့လိုက်ပါတယ် ဘုရား...

No comments: