Thursday, July 22, 2010

ကျိုက်ထီးရိုး စေတီပေါ်ကို အမျိုးသမီးများ မတက်ရခြင်းသည်...


တပြည့်တော် မသိလို့လျှောက်ထားလိုက်ပါတယ် ဘုရား
ဘုန်းဘုန်းဘုရား တပြည့်တော်နာမည်က မျိုးဇော် ပါဘုရား တပြည့်တော်စိတ်ထဲမရှင်းတာလေး မေးလျှောက်ခွင့်ပြု့ပါဘုရား

ကျိုက်ထီးရိုး စေတီပေါ်ကို အမျိုးသမီးများ ကိုယ်တိုင်ကိုကြ ရွှေသင်္ကန်းကပ်လှူခြင်း စေတီရှိ့ရာတောင်ထွတ်ပေါ်သို့ သွားရောက်လို့မရခြင်း စတာတို့မှာ ဘုရားဟော များတွင် အဲ့ဒီလိုမျိုး အမျိုးသမီးများပြုလုပ်ခွင့်မရှိ့ဟု ပါပါသလားအရှင်ဘုရား ရှိ့ခဲ့ရင်လည်း ဘယ်လိုတရားတော် ဘယ်လိုစာအုပ်မျိုးတွင်ပါတယ် ဆိုတာလေး ညွှန်းပေးပါဘုရား ကျိုက်ထီးရိုးဘုရားမှမဟုတ်ပါဘုရား တချို့သောတန်ခိုးကြီးဘုရားများတွင်လည်း အဲ့ဒီလိုမျိုး တားမြစ်ထားတာတွေ့ဖူးပါတယ်ဘုရား

လေးစားစွာဖြင့်
တပြည့်တော်ဒီနေရာလေးကပဲ ဦးခြကန်တော့လိုက်ပါသည်ဘုရား


ဒကာလေးမျိုးဇော်ရေ...

ကျိုက်ထီးရိုး စေတီပေါ်ကို အမျိုးသမီးများ ကိုယ်တိုင် ရွှေသင်္ကန်းကပ်လှူခြင်း စေတီရှိရာတောင်ထွတ်ပေါ်သို့ သွားရောက်လို့မရခြင်း စသည်တို့ကတော့ ဘုရားဟောတားမြစ်ချက် မရှိပါ... မသင့်သောအမှုများ မကောင်းမှုများ မပြလုပ်ရန်သာ မြတ်ဗုဒ္ဓက ဆုံးမဟောပြောပါတယ်... ရွှေသင်္ကန်းကပ်လှူခြင်းကတော့ ကောင်းသောအမှုသာ ဖြစ်ပါတယ်... ဒါကိုတားမြစ်တာကတော့ မသင့်ဘူးလို့တော့ ထင်မိတာပါပဲ... အမျိုးသမီးများအတွက် နစ်နာမှုတစ်ခု ဖြစ်ပါတယ်...

ဒါပေမဲ့လည်း တားမြစ်သူများဘက်က တားမြစ်ရခြင်း အကြောင်းတရားတွေတော့ ရှိနိုင်ပါတယ်... ဥပမာ နတ်ဒေ၀ါတွေ မကြိုက်လို့ ဆိုတာမျိုး... တောတောင်ကို စောင့်ကြပ်နေသူများ မနှစ်သက် ဆိုတာမျိုး... အမျိုးသမီးများ ကြောက်တတ်လို့ လိမ့်ကျမှာစိုးတာမျိုး... အမျိုးသမီးနဲ့ အမျိုးသား နှစ်ဦးတည်း သွားနေတာမျိုးတွေ ဖြစ်မှာစိုးလို့အပြင် တခြားအကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်...

နောက်တစ်ခုကတော့ အရပ်ဒေသအယူ လူမျိုးစုတို့ရဲ့ အယူတွေလည်း ရှိတတ်ပါတယ်... ဒါမျိုးတွေကျတော့ သူ့အရပ် သူ့လူမျိုးအယူမို့ ရှောင်လွဲမရ လိုက်နာကြရတာတွေ ရှိပါတယ်...

ဥပမာအားဖြင့် ရဟန်းတော်များ စိမ်းစိုလန်းဆန်းသော မြက်သစ်ပင်ရှိရာအရပ်၌ ကျင်ကြီး ကျင်ငယ် နှပ် တံတွေး ကွမ်းတံတွေး မထွေးရ မစွန့်ရ... စွန့်လျှင် ဒုက္ကဋ်အာပတ်သင့်စေဟု (219) မြတ်ဗုဒ္ဓ သတ်မှတ်ခဲ့၏... ဘာ့ကြောင့်ဆို ထိုအချိန်က မြတ်စွာဘုရား သီတင်းသုံးရာ အရပ်ဒေသသားတို့သည် မြက်သစ်ပင်ကို အသက်ရှိသည်ဟု သတ်မှတ်ထား သမုတ်ထားသည့်အတွက်ကြောင့် လူအများ ရဟန်းတော်များကို ပြစ်မှား၍ အကုသိုလ် မဖြစ်ပါစေခြင်း အကျိုးငှာ အရပ်ဒေသအယူကို မလွန်ဆံပဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ပေသည်...

မြက်သစ်ပင်ကို အသက်ရှိသည်ဟူသော အယူသည် ဘုရားအယူ မြတ်ဗုဒ္ဓအယူ မဟုတ်တာကိုတော့ မှတ်ရပါမယ်... ထို့အတူပါပဲ ဘုရားစေတီများပေါ်သို့ အမျိုးသမီးများ မတက်ရခြင်းသည် ဘုရားအယူမဟုတ်ပါ... ဂေါပကအယူ အရပ်အယူသာ ဖြစ်ပါတယ်... ဗုဒ္ဓသာသနာမှာ ကောင်းမှုမကောင်းမှုနဲ့ ပတ်သက်ပြီး လူမျိုး ခွဲခြားခြင်း... အသွေးအရောင် ခွဲခြားခြင်း... ကျား-မ ခွဲခြားခြင်း... ကလေး လူကြီး ခွဲခြားခြင်း စသည်မျိုး မပါရှိပါ... မကောင်းမှုလုပ်သူ မကောင်းကျိုးခံ... ကောင်းမှုလုပ်သူ ကောင်းကျိုးစံရမှာသာ ဖြစ်ပါတယ်...

ဘုရားဒေသနာတော်ကလွဲပြီး ကျန်သော ရှေးဟောင်းအယူ သတ်မှတ်ချက်များမှ အယူဟောင်းပြုပြင်လျှင် ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်မည်ဆိုပါက ရှေးဟောင်းအယူတွေ ပြုပြင်သင့်ပါတယ်... အယူဟောင်းပြုပြင်၍ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ရင်တော့ ရှေးဟောင်းအယူအတိုင်း ထားတာ သင့်တော်ပါတယ်... သံသရာတစ်လျှောက်မှာ မှားနေခဲ့လို့ ဆင်းရဲဒုက္ခတွေ ရောက်နေကြရတယ်... သာသနာနဲ့တွေ့ချိန် အမှားတွေပြင်လို့ အမှန်ကို သွားနိုင်ရင် အကောင်းဆုံးပါပဲလေ...

စိတ်ဆင်းရဲကင်းကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတောင်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၇.၁၅.၂၀၁၀

1 comment:

Anonymous said...

အရှင်ဘုရား တပည့်တော် အမေငယ်ငယ်က ကိုယ်တိုင်ကြုံခဲ့ဘူးတယ်တဲ့။ နှစ် ၄၀ ပါတ်ဝန်းကျင်ကပါ ဘုရား။ နေ့ခင်းကြောင်တောင်ကြီးကို မဲမှောင်သွားတာပါတဲ့။ အမျိုးသမီးတစ်ယောက် ကျိုက်ထီးရိုးဘုရားဘက် ၀င်ဖူးလို့တဲ့။ ရုတ်ချည်း ပိန်းပိတ်အောင်မှောင်သွားတာပါ ဘုရား။ အဲဒါ နားလည်တဲ့ သူများက တောင်းပန်ဆောင်ရွက်လိုက်မှ ချက်ချင်းပြန်လင်းလာတာတဲ့ ဘုရား။