Thursday, February 4, 2010

ငါသည် သားသမီးနှစ်ယောက်တို့ကို မချစ်သည် မဟုတ်...



ငါသည် သားသမီးနှစ်ယောက်တို့ကို မချစ်သည် မဟုတ်၊
မဒ္ဒီမိဖုရားကို မချစ်သည်လည်း မဟုတ်၊
ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊
ထို့ကြောင့် ငါသည် ချစ်သော သားမယားတို့ကို ပေးလှူခဲ့၏။


ဒကာလေး ရန်ကုန်သား အမေးနဲ့
ဒကာလေး ညီမြတ် အမေး သည်နေရာမှ ဖြေကြားလိုက်ပါတယ်...

မေးခွန်းနဲ့ မသက်ဆိုင်သေးသောစကား အနည်းငယ် ပြောပါ့မယ်... မိမိတို့ရဲ့ အသိဉာဏ်လေးတွေ ပွင့်လွယ်ဖို့ရာအတွက် ဖြစ်ပါတယ်...

ဘုရားလောင်းတို့၏ ပါရမီလုပ်ငန်းများ လေ့လာတဲ့အခါ... ဘုရားတရားတော်များကို လေ့လာတဲ့အခါ... အောက်ပါတရားများ မိမိတို့လေ့လာထားရင် အသိဉာဏ်ပိုပြီး ပွင့်လွယ်ပါတယ်... ဒါ့ကြောင့် ဒကာဒကာမအားလုံး ကြိုးစားပြီး ဖြည့်ဆည်းစေချင်ပါတယ်...

၁။ သဒ္ဓါတရားကင်းမဲ့သူအား သဒ္ဓါတရားနှင့် စပ်သောစကားသည် မကောင်းသော စကားဖြစ်၏။
၂။ သီလမရှိသူအား သီလနှင့် စပ်သောစကားသည် မကောင်းသော စကားဖြစ်၏။
၃။ အကြားအမြင်နည်းပါးသူအား အကြားအမြင်များမှုနှင့် စပ်သောစကားသည် မကောင်းသော စကားဖြစ်၏။
၎။ ၀န်တိုသောသူအား စွန့်လွှတ်မှုနှင့် စပ်သောစကားသည် မကောင်းသော စကားဖြစ်၏။
၅။ ပညာမဲ့သူအား ပညာနှင့် စပ်သောစကားသည် မကောင်းသော စကားဖြစ်၏။
ဒုက္ကထာသုတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္ထိုရ်ပါဠိတော်။

ဒကာဒကာမတို့မှာ သည်တရားတွေ လိုတယ်လို့ မဆိုလိုပါဘူး... နက်နဲတဲ့ ခက်ခဲတဲ့ မြတ်ဗုဒ္ဓတရားတွေ သိလွယ်ဖို့ရာအတွက် အသိပေး လမ်းပြခြင်းသာပါ...

တို့ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀ သားတော်ဇာလီနှင့် သမီးတော်ကဏှာဇိန်တို့ကို ပုဏ္ဏားအား ပေးကမ်းလှူဒါန်းတာဟာ သားသမီးတွေကို ဆင်းရဲစေလိုလို့ မဟုတ်ပါ... သဗ္ဗညုတဉာဏ်တော်အတွက်သာ ရည်မှန်းပြီး လှူဒါန်းခြင်း ဖြစ်ပါတယ်... သည်နေရာမှာ ရည်မှန်းချက်ကလေးကို မြင်အောင်ကြည့်ပါ... စေတနာကို မြတ်စွာဘုရားက ကံလို့ ဆိုထားပါတယ်... ဘုရားလောင်းရဲ့ စေတနာဟာ ဘုရားဖြစ်ဖို့ရာအတွက် ဒါနပါရမီလို့ခေါ်ဆိုရတဲ့ ကောင်းမှုကုသိုလ်ကံ ပြုလိုတဲ့ စေတနာပဲရှိပါတယ်... ငါ့သားသမီးတွေ ဆင်းရဲပါစေဆိုတဲ့ စေတနာဆိုး မပါဘူးပေါ့... ရင်ထဲမှာတော့ မချိအောင် နာလှပါတယ်လေ...

ဆရာဝန်တစ်ဦးက လူနာရဲ့ ခန္ဓာအတွင်းပိုင်းကို ဆေးကုရမှာမို့ လူနာကို ရင်ခွဲတယ်... မေ့ဆေးရှိရင် မေ့ဆေးပေးမယ် မရှိရင်တော့ သည်အတိုင်းပဲ ခွဲပါလိမ့်မယ်... သည်လိုလုပ်တဲ့အတွက် ဒီဆရာဝန်ဟာ လူနာအပေါ်မှာ ရက်စက်ရာကျတယ်လို့ ပြောရင် မရနိုင်ပါဘူး... နောက်တစ်ခု ရဲဘော်တစ်ယောက် ကားမှောက်လို့ ခြေထောက်ကို ကားပိသွားပါတယ်... ဆွဲထုတ်လို့မရပါဘူး... သည်အချိန်မှာ ပါလာတဲ့ခဲယမ်းတွေက ထပေါက်ကွဲပါတယ်... မကြာခင် ကားပေါ်မှာရှိတဲ့ လက်နက်တွေက ပေါက်ကွဲတော့မယ်... ဒါနဲ့ သူ့သူငယ်ချင်းကို ပြောပါတယ်... မင်းငါ့ကို သနားရင် ကယ်ပါ မင်းလက်ထဲရှိတဲ့ သေနပ်နဲ့ ငါ့ပေါင်ကို ပစ်ပြီးဖြတ်ပေးပါတဲ့... သူငယ်ချင်းဖြစ်သူက မလုပ်ရဲ မလုပ်ရက်ဖူးပေါ့... နောက်ဆုံးဇွတ်ပြောတော့မှ သတိဝင်လာပြီး သေနပ်နဲ့ပစ်ဖြတ်ရပါတယ်... အရိုးကိုပစ်ဖြတ် ပြီးတော့မှ အသားကို ဓားနဲ့လှီးဖြတ်ရတယ်... သူ့ကို ဆွဲခေါ်သွားပြီး မကြာခင်မှာပဲ ကားလည်းပေါက်ကွဲသွားပါတယ်... သူ အသက်ရှင်သွားပါတယ်... ဒီလို အရှင်လတ်လတ် သေနပ်နဲ့ပစ်ရခြင်းဟာ သူငယ်ချင်းကို ချစ်လို့ပါ... ဒီဥပမာလေးတွေဟာ ဘုရားပါရမီနဲ့ မနှိုင်သင့် မနှိုင်းလောက်တာတွေပါ... မြင်သင့်သလောက် မြင်ပါစေ ရှင်းသင့်သလောက် ရှင်းပါစေဆိုတဲ့ သဘောနဲ့ ပြောပြရတာပါ...

အရာရာမှာ အရင်းအနှီးတော့ လိုပါတယ်... သဗ္ဗညုတဉာဏ်အတွက် ပါရမီ ၁၀-ပါး အပြား ၃၀- ဆိုတဲ့ အရင်းအနှီး ပေးရပါလိမ့်မယ်... အဲဒီထဲမှာ မိမိခန္ဓာကိုယ်နှင့် မစပ်သော ပစ္စည်း, သား, သမီး, ဇနီးမယား အစရှိသည်တို့ကို လှူဒါန်းခြင်းဟာ ဒါနပါရမီပဲ ရှိပါသေးတယ်... မိမိရဲ့ လက် ခြေ အစရှိသော မိမိခန္ဓာကိုယ် အစိတ်အပိုင်းကို စွန့်လွှတ်လှူဒါန်းခြင်းကတော့ ဒါနဥပပါရမီဖြစ်ပါတယ်... မိမိ အသက်ကို စွန့်လွှတ် လှူဒါန်းခြင်းကတော့ ဒါနပရမတ္ထပါရမီ ဖြစ်သွားပါပြီ... လောကကြီးမှာ မိမိကိုယ်ကို အချစ်ဆုံးပါ... အချစ်ဆုံးဖြစ်တဲ့ မိမိကိုယ်(အသက်)တောင် ဘ၀ပေါင်းများစွာ စွန့်လှူခဲ့သူ ပါရမီရှင်တစ်ဦးအတွက် သားသမီးကို လှူဒါန်းရဲပါတယ်... ရက်စက်လိုစိတ်နဲ့တော့ မဟုတ်ပါ... ရက်စက်တယ်လို့လဲ ယူလို့မရပါ... မိဘက သားသမီးကို ပိုင်လို့ နိုင့်ထက်စီးနင်း လုပ်တယ်လို့လဲ အဓိပ္ပါယ်ကောက်လို့မရပါ... ခုခေတ် တစ်ချို့မိခင်ဖခင်များ လူမဆံစွာ သားသမီးများကို ရောင်းစားနေသော သူများနှင့် နှိုင်း၍လည်း မရနိုင်ပါ... ရည်ရွယ်ချက် ရည်မှန်းချက်တွေ ကွာခြားလှပါတယ်...

ဇာလီနဲ့ကဏှာဇိန်ဟာ အစပိုင်းမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲပေမဲ့ ဖခင်ဝေဿန္တရာ ရှင်းပြပြီးနောက် ဖခင်အလိုဆန္ဒကို နားလည်လို့ ပါရမီဆိုတာ သဘောပေါက်လို့ လိုလိုချင်ချင်နဲ့ပဲ လိုက်သွားရှာပါတယ်... မိဘအလိုကိုသိ မိဘကျေးဇူးကို အထူးဆပ်လိုတဲ့ အမျိုးကောင်း သားသမီးတွေပါ... ကျင့်ကြပါ... ပြဇာတ် ကဇာတ်တွေ ထဲမှာတော့ ပုဏ္ဏားတွေက ဇာတ်နာအောင် လူကြိုက်အောင် ဘုရားဇာတ်တော်တွေကို ဖျက်ဆီးကြပါတယ်... ကွက်စိပ်ဆရာတွေကလည်း ဖျက်ဆီးခဲ့ကြတာပါပဲ... နောက် ..... ဖျက်ကြတာပါပဲ...

သားတော် ဇာလီသည် ရာဟုလာအဖြစ်ဖြင့် လည်းကောင်း သမီးတော် ကဏှာဇိန်သည် ဥပ္ပလ္လ၀ဏ္ဏာအမည်ဖြင့် လည်းကောင်း မြတ်စွာဘုရားနဲ့အတူ ကိလေသာငြိမ်းလို့ ဒုက္ခခပ်သိမ်း အပူဇာတ်တွေ ချုပ်ငြိမ်းသွားကြပါပြီ... ဒီလိုဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းရတာ ဘ၀အဆက်ဆက်က ဖြည့်ခဲ့ကြလို့ပါ... ဖြည့်မှ ပြည့်ပါတယ်... ပါရမီရှင် ပါရမီဖြည့်ဘက်ဆိုတာ တစ်ဦးနဲ့တစ်ဦး ဘ၀အတော်များများမှာ တစ်ဦးလိုတာတစ်ဦး ဖြည့်ဆည်းကြပါတယ်... သူလိုငါလို အတွေးလောက်နဲ့တင် မရနိုင် မမြင်နိုင်ပါ...

ဒီလို အဆင့်အတန်းမြင့်မားလွန်းတဲ့ ဒါနတရားမျိုးကို တစ်ချို့သူများအတွက် မစဉ်းစားဝံ့စရာပါ... သဒ္ဓါတရားနည်းသူအတွက် မယုံကြည်စရာပါ... စွန့်လွှတ်နိုင်တဲ့ စာဂတရား နည်းသူတွေ အတွက်ကတော့ မပေးဝံ့နိုင်စရာပါ...

ဒါ့ကြောင့် ကျင့်ကြပါ... လှူကြပါ...
တစ်ခါလောက် ဒီလိုလေး လှူကြည့်ပါ....
ကြုံရင် အိပ်ထဲပါသမျှ အကုန်... အကုန် ထုတ်လှူပါ...

၁။ နှမျှောသောစိတ်ဖြင့် မလှူချင်ပဲ ဖြစ်နေနိုင်သည်...
၂။ အကြောင်းမျိုးစုံကြောင့် လှူပြီးနောက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေနိုင်သည်...
၃။ လှူဒါန်းပြီးနောက် ၀မ်းမြောက်ဝမ်းသာ ပီတိတွေ အကြိမ်ကြိမ် ဖြစ်နေမည်...

သည်သုံးမျိုးထဲမှာ မိမိတို့တစ်တွေ ဘယ်နံပါတ်ထဲမှာပါသည် စစ်ဆေးကြည့်ကြပါ...

ဘုရားအလောင်းတော်၏ ဒါနပါရမီ သီလပါရမီ အစရှိသည်တို့မှာ ဒကာဒကာမအားလုံးအတွက် ပုံပြင်အဖြစ်မှာ ကျော်လွှားနိုင်ကြပါစေ...
သိသလောက်ကလေး သိစေလို၍ရေးပြခြင်းသာပါ ဆက်လက်၍ အကျယ်ကို လေ့လာပါ အောက်မှာ တင်ပေးထားပါတယ်...

ငါသည် သားသမီးနှစ်ယောက်တို့ကို မချစ်သည် မဟုတ်၊
မဒ္ဒီမိဖုရားကို မချစ်သည်လည်း မဟုတ်၊
ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊
ထို့ကြောင့် ငါသည် ချစ်သော သားမယားတို့ကို ပေးလှူခဲ့၏။

ဒါက ပါဠိတော် ဝေဿန္တရမင်းအကျင့်...
ဒါက အရှင်နာဂသေနရဲ့ ဝေဿန္တရပဉှာ...
ဒါက ဆရာတော်ရဝေထွန်းရဲ့ သားသမီးကိုလှူခြင်း...


ဒကာဒကာမအားလုံး စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၂.၄.၂၀၁၀

No comments: