Monday, April 26, 2010

သကလိကသုတ်... ကဗျာ

သကလိကသုတ်
(ပါ-၂၅+မြန်-၂၅)

ရာဇဂြိုဟ်ပြည်သားတို့သည် ပေးပြီဘေးမဲ့ (မဒ္ဒကုစ္ဆိ)တော။
(ဌ-၇၃) တောဟုဆိုရာ ဥယျာဉ်ဟုသာ ဌကထာ ဖွင့်ကာပြခဲ့သော။
အဇာတသတ် ကိုယ်ဝန်ကပ် နှိပ်အပ်မိခင် ဝမ်းကိုဟော။
ထို့ကြောင့်ပင်သိ မဒ္ဒကုစ္ဆိ နာမည်ရှိ ခေါ်ဘိအရပ်ဟော။

ထိုအရပ်မှာ မြတ်ဗုဒ္ဓါ နေကာရှိခဲ့သော။
ဘုရားခြေတော် ကျောက်ခဲနော် တိမ်းချော်ထိခိုက်သော။
ဘုရားမြတ်စွာ ဝေဒနာ ပြင်းကာ ဖြစ်ခဲ့သော။
ထိုအကြောင်းရာ ဌကထာ ထုပ်ကာပြခဲ့သော။ (ဌ-၇၄)

ထိခိုက်မိခြင်း အကြောင်းရင်း ရှင်းလင်းသိစေသော။
ရှင်ဒေဝဒတ်ကား အဇာတသတ်မင်းအား မှီရငြား များပြားအားရှိလာ။
လေးသမားများ (ဓနပါလ)ဆင်ကြီးအား စေငြား ဘုရားသတ်ခိုင်းပါ။
မအောင်မြင်ရာ ကိုယ်တိုင်သာ သတ်ရာကြံစည်ပါ။

ဂိဇ္ဈကုဋ်တောင်ပေါ် တက်ကာနော် လမ်းသော်ကျောက်ခဲပါ။
ရှင်ဒေဝဒတ်ကား ဆင်ပြောင်ငါးစီး အားမာန်ကြီး အပြီးဆောင်နိုင်ပါ။
ကျောက်ခဲပဲ့ကား မြတ်ဘုရား ခြေဖျားထိခိုက်ပါ။
ဘုရားရှင်မယ် (အသက်) အန္တရာယ် ပြုဖွယ်မစွမ်းပါ။

သွေးစိမ်းထွက်ကာ ဝေဒနာ ပြင်းစွာဖြစ်ခဲ့ပါ။
သတိသမ္ပဇဉ် အမြဲပင် ဉာဏ်ယှဉ်သည်းခံပါ။
လေးထပ်ခေါက်ထား ဒုကုဋ်အား ခင်းငြားအိပ်စက်ပါ။
ခြေတော်တစ်ဖက် ခြေတစ်ဖက် လွန်လျက်တင်ထားပါ။

ထိုအခါပ သူတော်တရား ပြောဟောငြား ဖြစ်ထားနတ်သား (ခုနစ်ရာ)ပါ။
ညဥ့်ဦးယံလွန် သန်းကောင်တွင် မြတ်ရှင်ထံမှာ ချဉ်းကပ်လာ။
နတ်သားတစ်ဦး ဘုရားဖူး ရင့်ကျူးဥဒါန်းစကားသီးသီးပါ။
ဆင်ပြောင်တူစွ မြတ်ဗုဒ္ဓ ကြန်းထဝေဒနာသည်းခံပါ။

အာဇာနည်ဖြစ် ဘုရားစစ် ဖြစ်ဖြစ်ဝေဒနာသည်းခံပါ။
နတ်သားအများ ကိုယ့်စိတ်ထား လျှောက်ထားသီးသီးပါ။
လွှမ်းမိုးတဏှာ ကျင့်ခြင်းဟာ တစ်ရာနှစ်ကြာ နိဗ္ဗာန်မရောက်ပါ။
ထောင်လွှားလိုလား ပုဂ္ဂိုလ်များ လေးပါးသစ္စာ မရှိပါ။

တည်ကြည်မရှိ ထိုသူ၏ သိဘိသိက္ခာ မရှိပါ၊ သိဘိသစ္စာ မရှိပါ။
တစ်ယောက်တည်းလေ တောမှာနေ မေ့ပေထိုသူဟာ။
သေမင်းလွတ်ဟူ နိဗ္ဗာန်မူ ထိုသူမရောက်ပါ။
ထောင်လွှားခြင်းပယ် စိတ်ကြည်တယ် ရောက်မယ်နိဗ္ဗာန်ပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: