Monday, February 7, 2011

မေတ္တာကမ္မဋ္ဌာန်း...



မေတ္တာကမ္မဋ္ဌာန်း

မေတ္တာဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ

ကုသိုလ်ရရုံ ပွားများနည်း

မေတ္တာပွားများနည်းသည် ကုသိုလ်ရရုံ ပွားများနည်း, ဈာန် အပ္ပနာ ရအောင် ပွားများနည်းဟု ၂-မျိုးရှိသည်၊ ထို ၂-မျိုးတို့တွင် ကုသိုလ်ရရုံ ပွားများနည်းမှာ တစ်ကျောင်းလုံး, တစ်တိုက်လုံး, တစ်အိမ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး စသည်ဖြင့် သတ္တဝါအများကို တစ်လုံးတည်း အာရုံပြု၍ ဤသတ္တဝါတို့သည် ချမ်းသာပါစေ, သတ္တဝါခပ်သိမ်း အကုန်လုံး ချမ်းသာပါစေ, ကိုယ်ရောစိတ်ရော ချမ်းသာပါစေ ဟု ချမ်းသာစေလိုသော စိတ်ဆန္ဒ အဖန်ဖန် ဖြစ်ရသည်၊ ပွားများရသည်။

ဤသို့ဖြစ်ရာ ပွားများရာမှာလည်း သားငယ်အား အလွန်ချစ် ခင်သောမိခင်သည် အချိန်လွန်ခါနီးမှ ရရှိလာသော တစ်ယောက်တည်းသော သားငယ်ကို အလွန်သနားစောင့်ရှောက် ချစ်ခင်ဘိသကဲ့သို့ တကယ်အမှန် ချမ်းသာစေလိုသော စိတ်ဆန္ဒဖြစ်မှသာ မေတ္တာတည်း၊ စိတ်ကမပါဘဲနှင့် နှုတ်ကချမ်းသာပါစေ ဟုဆိုရုံနှင့် မေတ္တာမဟုတ်၊ စိတ်ကချမ်းသာစေလိုသော ဆန္ဒမရှိပါဘဲနှင့် ''အဝေရာ ဟောန္တု, အဗျာပဇ္ဇာ ဟောန္တု'' စသည်ကို အနက်ပါဠိရွတ်၍နေငြားသော်လည်း ထိရောက်သော မေတ္တာပို့ဟု မဆိုသာ၊ ကုသိုလ်ရရုံမျှသာ ဖြစ်လေသောကြောင့် ကုသိုလ်ရရုံ မေတ္တာဘာဝနာဟု ဆိုရသည်။

ကုသိုလ်ရရုံ မေတ္တာပွားများနည်း ပြီး၏။


ဈာန်ရအောင် မေတ္တာပွားများနည်း

ဈာန်ရအောင် မေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ''ငါသည်လည်း ဆင်းရဲဒုက္ခကိုမုန်း၏၊ ချမ်းသာသုခကို အလိုရှိ၏၊ နှစ်သက်၏၊ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါကဲ့သို့ ဆင်းရဲ ဒုက္ခကို မုန်းကြ၏၊ ချမ်းသာ သုခကို အလိုရှိကြ၏ နှစ်သက်ကြ၏၊ ငါသည်လည်း ချမ်းသာသုခကို အလိုရှိ၏၊ သတ္တဝါ ခပ်သိမ်းလည်း ချမ်းသာသုခ ရကြပါစေ'' ဟုခပ်သိမ်းသော သတ္တဝါတို့၌ ချမ်းသာစေလိုသော စိတ်ဆန္ဒကို ညွတ်စေ၍-ဤယခုနေ့မှစ၍ ရှေးလွန်ခဲ့ပြီးသော ၂-နှစ် ၃-နှစ်လောက် ကျအောင်သော်လည်းကောင်း, ၅-နှစ် ၁ဝ-နှစ် လောက်ကျအောင်သော် လည်းကောင်း ထို့ထက် အလွန်သော်လည်းကောင်း၊ ဤအတွင်း၌ မိမိသွားဖူးသမျှ, ရောက်ဖူးသမျှ, နေဖူးသမျှ, အရပ်တို့၌ မိမိနှင့်တွေ့ဖူး, မြင်ဖူး, ကြုံဖူး, စကားပြောဖူး, အတူနေဖူး, အတူထိုင်ဖူး, အချင်းချင်း ကျေးဇူးပြုဖူးသမျှသော ပုဂ္ဂိုလ်ကြီးငယ်တို့ကို အကုန်ပြန်၍ စဉ်းစား၍, တွေး၍, အမှတ်ရ၍, ဤယနေ့တွေ့ဖူး, ကြုံဖူးသော ပုဂ္ဂိုလ်ကြီးငယ်မှစ၍ နောက်ပြန် အစဉ်အတိုင်း ဤသူသည် ငါကဲ့သို့ အသက်နှင့်သူပဲ၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ရာမှ ရောဂါဝေဒနာ ဘေးရန်အန္တရာယ် မတွယ်မငြိပါစေနှင့်။ ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော ချမ်းသာပါစေ-ဟု မိမိတွေ့ဖူးသမျှကြုံဖူးသမျှ, ပုဂ္ဂိုလ်ကြီးငယ် သတ္တဝါတို့ကို တစ်ယောက်ချင်း, တစ်ယောက်ချင်း နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့၍ သွားရာ၏၊ မိမိနှင့် မတွေ့မမြင်ဖူးငြားသော်လည်း အဝေးက လှမ်း၍ မိမိကို ကျေးဇူးပြုဖူးတဲ့သူဆိုလျှင် တိရစ္ဆာန်ကလေးတောင် မကျန်စေနှင့်၊ အကုန်ပါအောင်ပို့။

ဤသို့ နောက်ပြန် အစဉ်အတိုင်း မေတ္တာပို့သွား၍ ၁ဝ-နှစ်လောက်က တွေ့ကြုံဖူးတဲ့ အဆုံးစွန် ပုဂ္ဂိုလ်သို့ကျလျှင် ထိုသူမှ တစ်ဖန်လှည့်ပြန်၍ ယခုတွေ့ဖူးတဲ့သူကျအောင် အနုလုံ အစဉ်အတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်း ပို့၍လာရာ၏၊ ကာယဂတာသတိ ပွားများရာ၌ကောဋ္ဌာသတို့ကို အနုလုံ, ပဋိလုံ အခေါက်ခေါက် အပြန်ပြန် ကြည့်ရှု ဘိသကဲ့သို့ မိမိတွေ့ကြုံဖူးသမျှ ပုဂ္ဂိုလ်သတ္တဝါတို့ကို နောက်ပြန် ရှေ့ပြန် ပဋိလုံ, အနုလုံအားဖြင့် တစ်ယောက်ချင်း, တစ်ယောက်ချင်း အခေါက်ခေါက် အပြန်ပြန် မေတ္တာ ပို့၍ပို့၍ သွားသည်ရှိသော် ဤ သတ္တဝါတွေထဲ၌ တဏှာပေမ မဖက်ဘဲ ကုသိုလ်မေတ္တာ သက်သက်ဖြင့် ချစ်ခင်နိုင်သော အချစ်ခင်ဆုံး, မေတ္တာစိတ် ကြပ်ကြပ် အသက်ဝင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လတ္တံ့။

ထိုပုဂ္ဂိုလ်ကိုသာ စိတ်နှင့် ဉာဏ်နှင့်ကြည့်၍ ဤသူသည်ငါ့အား သနားချစ်ခင် ရှာတယ်၊ ဤမည်သော, ဤမည်သော ကျေးဇူးဥပကာရ ပြုရှာဖူးတယ်၊ စောင်မရှာတယ်၊ ဤသူသည် ငါကဲ့သို့ အသက်နှင့် သတ္တဝါဖြစ်တယ်၊ ဆင်းရဲကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုချင်ရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ခု ရောဂါဝေဒနာ ဘေးရန်အန္တရာယ်မတွယ်မငြိပါစေနှင့်၊ ကိုယ်ရော စိတ်ရော အေးအေးမြမြ ချမ်းသာပါစေ-ဟု ထိုပုဂ္ဂိုလ်ကို ခြေဖျားမှသည် ဦးခေါင်း ဦးရေကျအောင်, ဦးခေါင်းဦးရေမှသည် ခြေဖျားကျအောင် အပြင်ရော တစ်ကိုယ်လုံး အနှံ့အပြား မေတ္တာစိတ် ဖြန့်ဖြန့်နှံ့နှံ့ ပို့သရာ၏၊ နှလုံးသွင်းရှိ စိတ်ကလေး ကိုလည်း မေတ္တာစိတ်နှင့်ဝင်၍ ဤသူ၏စိတ်ကလေးသည် ပူလောင်ခြင်း ဆင်းရဲခြင်းမရှိ ချမ်းသာပါစေဟု ဖြန့်နှံ့ပို့သရာ၏။

ဤကဲ့သို့ အဖန်ဖန် မေတ္တာစိတ် ဖြန့်နှံ့၍ပို့သနေလျှင် ကြာသောအခါ ထိုပုဂ္ဂိုလ်ကို မျက်စိနှင့် မြင်ရဘိသကဲ့သို့ ထင်မြင်၍, အနီး၌ချဉ်းကပ်၍ နေဘိသကဲ့သို့ ထင်မြင်၍လာ၏၊ ချစ်ခင်ခြင်းမေတ္တာစိတ်လည်း အလွန် အားကြီး၍လာ၏၊ မေတ္တာစိတ်တွေ တဖွားဖွားဖြစ်၍ ထို ပုဂ္ဂိုလ်၌သာ တွယ်၍နေတော့၏၊ များစွာ မပြေးလွင့်တော့ပြီ၊ ထိုအခါ ဥဂ္ဂဟနိမိတ်ရပြီဟူ၍မှတ်၊ ဥဂ္ဂဟဖြစ်အောင် ထင်မြင်ရသော ထိုပုဂ္ဂိုလ်ကို အဖန်ဖန်မေတ္တာစိတ် ဖြန့်နှံ့သို့သသည်ရှိသော် ကြာသောအခါ စိတ်သည် ထိုပုဂ္ဂိုလ်၌ တွယ်၍ အလွန်ငြိမ်သက် တည်ကြည်၍ ဈာန်အဂါင်္ ၅-ပါးနှင့် ပြည့်စုံသော ပထမဈာန်ဇော အပ္ပနာဝီထိကျလာ၏၊ ပထမဈာန်ကို ရ၏။

ထိုသို့ ပထမဈာန်ကိုရပြီးသောရောဂီသည် ပုဂ္ဂိုလ်ကိုပင်လျှင် အာရုံပြု၍မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍ ကသိုဏ်း၌ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ကျအောင် တက်အပ်၏၊ ဖြစ်စေအပ်၏၊ ဤသို့တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို မေတ္တာစိတ် ဖြန့်နှံ့ပို့သ၍, အာရုံပြု၍ စတုတ္ထဈာန်ကျအောင် ရပြီး၍ ဝသီဘော်နိုင်ပြီးသောအခါ မိမိတွေ့ဖူး ကြုံဖူး၍ ပထမမေတ္တာပို့၍ ချန်ထားခဲ့သော ပုဂ္ဂိုလ်တို့ကိုလည်း တစ်ယောက်ချင်း တစ်ယောက်ချင်း, စေ့အောင် ဤနည်းတူ မေတ္တာစိတ်ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ စတုတ္ထဈာန်ကျအောင် ဖြစ်စေအပ်၏။

ထို့နောင် မိမိမတွေ့ဖူးသော်လည်း ကြားဖူးသမျှသော အရပ် ၁ဝ- မျက်နှာရှိ အလုံစုံသော သတ္တဝါတို့ကို တစ်ယောက်ချင်းသော် လည်းကောင်း, အပေါင်းများစွာ သတ္တဝါကို တစ်လုံးတည်း အာရုံပြု၍ သော် လည်းကောင်း မေတ္တာစိတ်ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ စတုတ္ထဈာန် ကျအောင် ဖြစ်စေအပ်၏။

မိမိ၏ရန်သူပုဂ္ဂိုလ် ထိုသို့မေတ္တာပို့ရာ၌ ထိုပုဂ္ဂိုလ် အပေါင်းတို့တွင် မိမိမုန်းသော ငြိုးသောရန်သူရန်ဖက်များတွေ့ရှိ၍ ထိုရန်သူ၌ အကယ်၍ မေတ္တာဈာန် မဖြစ်နိုင်ဘဲ မဝင်စားနိုင်ဘဲ မုန်းသောစိတ်, မြင်ပြင်းကပ် သောစိတ်, ဒေါသစိတ်များ ဖြစ်ပေါ်လာခဲ့လျှင်-
''န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န မာတာဘူတပဗ္ဗော''
စသောဘုရားရှင် ဟောကြားတော်မူသော အနမတဂ္ဂသုတ်တော်မြတ် အတိုင်း ထိုရန်သူသည် အသင်၏ ရန်သူမဟုတ်၊ ရှေးရှေး ဘဝတို့က အမိ-အဖစသည်ဖြစ်၍ အသင့်အား ကျေးဇူးပြုဖူးလှပြီ၊ ဤစိတ်ထဲ၌ ဖြစ်ပေါ်လာသော ဒေါသသည် သာလျှင် အသင်၏ရန်သူတည်း၊ ထိုပုဂ္ဂိုလ်သည် အသင့်ကို ဈာန်မှလျော့အောင် လည်း မလုပ်၊ ငရဲသို့ကျအောင်လည်းမချ၊ အသင်၏ ရန်သူမဟုတ်၊ ဤဒေါသသည်သာလျှင် အသင့်ကို ဈာန်မှလျော့ကျအောင် ညှင်းဆဲသော, ငရဲကျ အောင်ချသော ရန်သူကြီးတည်း။

အသင်သည် ရန်သူမဟုတ်သောသူကို မမုန်းနှင့်၊ မမြင်ပြင်းနှင့်၊ ရန်သူဖြစ်သော ဒေါသကိုသာ မုန်းလော့၊ မြင်ပြင်းလော့၊ ပယ်ဖျက် သတ်ဖြတ်လော့ဟု မိမိကိုယ်ကိုမိမိ ဆုံးမ၍ မိမိရန်သူ အစစ်ဖြစ်သော အမျက်ဒေါသကိုသာလျှင် သတ်ဖြတ်ပြေငြိမ်းစေ၍ ထိုရန်သူပုဂ္ဂိုလ်၌ ရှေးရှေးက အမိအဖ စသည် ဖြစ်ဖူးသောအဖြစ်ကို အောက်မေ့ဆင်ခြင်၍ ယခုလည်း အမိရင်း, အဖရင်း စသည်ကဲ့သို့ မှတ်လျက် မေတ္တာဈာန် ကျစေ ဖြစ်စေအပ်၏။

အကယ်၍ အမိ, အဖစသည်ကဲ့သို့ မမှတ်နိုင်ဘဲ သူစိမ်းအနေနှင့် ထင်၍နေလျင် သြ သူလဲ ငါလိုပဲ၊ အသက်နှင့်အကောင်ပဲ၊ ဆင်းရဲဒုက္ခကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုလားရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေဟု ကိုယ်ချင်းစာ၍ မေတ္တာဈာန်ဇောကျစေ, ဖြစ်စေအပ်၏၊ အကယ်၍ ဤကဲ့သို့လည်း ကိုယ်ချင်း မစာနိုင်၍ မုန်းစိတ်မပျောက်ခဲ့ဘဲ မေတ္တာဈာန်ဇော ထိုသူ၌ မကျင့်နိုင်ခဲ့ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် သူခပ် သိမ်းတို့၌ မေတ္တာဈာန် ကျစေပြီးမှ နောက်ဆုံးမှ ဤရန်သူ လူမုန်း၌ ကျစေအပ်၏။

ရန်သူ မဟုတ်သော သူတို့၌ မေတ္တာဈာန်ဇော ကျဖန် ဖြစ်စ်ဖန်များ၍ မေတ္တာစိတ် ထက်သန်အားကောင်းသောအခါ အလွန်မုန်းသော ရန်သူ၌လည်း မေတ္တာဈာန် ဖြစ်နိုင်တော့၏၊ အကယ်၍ ဤကဲ့သို့ ဈာန်ဇော မကျစေနိုင်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ထိုရန်သူမုန်းကို နှလုံး မသွင်းအပ်၊ အာရုံမပြုအပ်၊ မေတ္တာမပို့အပ်၊ တောထဲ၌ရှိသော မြက်မှိုက်, ထင်းချောင်းတို့နှင့်အတူသာ ထားအပ်တော့သည်၊ ရှိသည်ဟူ၍ပင် မမှတ်အပ်၊ အနာရမ္မဏဥပေက္ခာ ပြုအပ်၏၊ မေတ္တာဈာန်ဇော ကျစေနိုင်သော ထိုရန်သူမှကြွင်းသော ခပ်သိမ်းသော သတ္တာဝါတို့ကိုသာလျှင် မေတ္တာဈာန်ဇော ဖြန့်နှံ့ပို့သအပ်၏။

မေတ္တာဗြဟ္မဝိဟာရ ပွားများပုံ ပြီး၏။
မူလလယ်တီဆရာတော်
ကမ္မဋ္ဌာန်းကျမ်းကြီးမှ



No comments: