Saturday, March 13, 2010

သမိဒ္ဓိသုတ်... ကဗျာ...

သမိဒ္ဓိသုတ်
(ပါ-၈+မြန်-၈)

အခါတပါး မြတ်ဘုရား နေငြား (ရာဇဂြိုလ်ပြည်- တပေါဒါရုံ) ကျောင်းတော်ပါ။
အရှင်သမိဒ္ဓိ ရေချိုး၏ ဆင်းဘိ (တပေါဒါ) မြစ်ထဲမှာ။
ရေချိုးပြီးရာ နံနက်ခါ ရပ်တာမြစ်ကမ်းပါ။
ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းကာ ကပ်လာနတ်သမီးပါ။

အရှင်သမိဒ္ဓိအား ဤသို့များ လျှောက်ထားစကားပါ။
ကာမဂုဏ်ငါးပါး မခံစား ဆွမ်းကားခံဘိ၏။
ကာမဂုဏ်ငါးပါး မခံစား ဆွမ်းကားမခံလင့်။
ကာမဂုဏ်ငါးပါး ခံစံစား ဆွမ်းကားခံစားပါ။
ကာမဂုဏ်ခံစားရာ ချိန်အခါ သင်ဟာမလွန်သင့်လေပါ။

အရှင်သမိဒ္ဓိကား နတ်သမီးအား ပြန်ကြားပြောလိုက်ပါ။
သေရမည့်ခါ ငါတို့ဟာ သေချာမသိပါ။
သေအံ့သောခါ ဖုံးလွမ်းတာ ငါဟာခံရပါ။
ထို့ကြောင့်ပေငြား ကာမဂုဏ်ငါးပါး မခံစား ငါကားဆွမ်းခံပါ။
တရားအားထုတ်ရာ ချိန်အခါ ငါဟာ မလွန်ပါ။

နတ်သမီးဟာ မြေရပ်လာ ထပ်ကာပြန်ပြောပါ။
သင်ရဟန်းဟာ ငယ်လှပါ ပျိုခါနုသေးပါ။
မည်းနက်ဆံပင် အရှိပင် ရွယ်လျှင်ကောင်းသေးပါ။
လူ၌ဖြစ်ငြား ကာမဂုဏ်အား ခံစားလေဦးပါ။
မျက်မှောက်ခံစား ကာမဂုဏ်အား စွန့်၍ကား နောက်ပါးနတ်ကာမဂုဏ်၊ မျှော်လင့်ကုန်။

အရှင်သမိဒ္ဓိ ပြန်ပြောဘိ မှတ်၏ နတ်သမီးပါ။
မျက်မှောက်ခံစား ကာမဂုဏ်များ စွန့်၍ကား နောက်ပါး နတ်ကာမဂုဏ်၊ မမျှော်ကုန်။
ကိုယ်တိုင်သိမြင် (လောကုတ္တရာ) အကျိုးပင် ငါလျှင်တောင့်တကုန်။
ကာမဂုဏ်များ ဆင်းရဲကား ငါကားမတောင့်တ။
ကာမဂုဏ်ကား အပြစ်အား များပြားလှပေစွ။

မြတ်ဘုရား ဟောဖော်ကြား သင်ကားမှတ်အပ်လှ။
လောကုတ္တရာ တရားဟာ သိလာကိုယ်တိုင်ပါ။
အခါမလင့် ကျိုးပေးရှင့် ဆိုသင့်အပ်လှပါ။
လာလှည့်ရှုလှည့် ဆောင်ပြ၏ ထူးဘိတရားပါ။
မိမိကိုယ်ထဲ စိတ်မှာပဲ အမြဲဆောင်ထားရာ။
အရိယာတပည့် ပညာရှိ သိဘိ ကိုယ်စီကိုယ်ငှပါ။

နတ်သမီးကား ထိုအကြောင်းများ ပြန်ကားမေးလေပါ။
ရှင်သမိဒ္ဓိ ငယ်လှဘိ ထူးသိနိုင်ရာ မစွမ်းပါ။
ဗုဒ္ဓမြတ်ဘုရား မေးလျှောက်ထား သင်ကားနာယူပါ။
ထိုအကြောင်းများ မြတ်ဘုရား လျှောက်ထား ရှင်သမိဒ္ဓိပါ။

နတ်သမီးအား မြတ်ဘုရား ဖြေကြားပါတော့တာ။
ခန္ဓာငါးပါး တည်ရှိငြား များပြားသတ္တ၀ါ။
ပုဂ္ဂိုလ်သတ္တ၀ါ စသည်သာ မှတ်ကာနေကြပါ။
ပိုင်းခြား၍ကား မသိငြား လိုက်ထားသေမင်းရွာ။
ရဟန္တာဟူ ပုဂ္ဂိုလ်မူ သိမူခန္ဓာပါ။
ရာဂပိုငြား အကြောင်းများ ဆိုငြားမရှိပါ။
တူသူ-ထူးသူ ယုတ်သူ မာန်မမူ ထိုသူရဟန္တာ။
ရဟန္တာမ သုံးလောက လွတ်ထနေရာ ရောက်ကြပါ။

နတ်သမီးကား မြတ်ဘုရား ပြန်ကြားလျှောက်ထားပါ။
ကိုယ်နှုတ်စိတ်မှု မကောင်းမှု မပြုရှောင်ကြဉ်ရာ။
သတိသမ္ပဇဉ် အမြဲယှဉ် အစဉ်ချမ်းသာမှာ။
(ဌ- ၃၉) မသိနိုင်သောအရာငါးမျိုး= ဇီဝိတ၊ ဗျာဓိ၊ ကာလ၊ ဒေဟနိက္ခေပန၊ ဂတိ။
ငါ့အသက်မှာ ဘယ်လောက်ကြာ ရှင်ရာမသိနိုင်။
အဘယ်ရောဂါ ဘယ်အနာ သေရာ မရောက်နိုင်။
နေ့ညအချိန် ဘယ်အချိန် သေချိန်မသိနိုင်။
ငါ့ကိုယ်ခန္ဓာ ဘယ်မြို့ရွာ မြှုတ်ရာမသိနိုင်။
ဂတိငါးဝ ဘယ်ကိုပ လားရမသိနိုင်။

ဂတိငါးမျိုး= ဒေ၀ဂတိ၊ မနုဿဂေတိ၊ နိရယဂတိ၊ ပေတဂတိ၊ တိရစ္ဆာနဂတိ၊ (ဌ- ၄၅)
မာန်သုံးမျိုး= သေယျမာန်၊ အမြတ်ဟူသောမာန်။
သဒိသမာန်= အတူတူသောမာန်။
ဟီနမာန်= ယုတ်နိမ့်သောမာန်။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

No comments: